ရွေးကောက်ပွဲရလဒ် ကန့်ကွက်ရာမှာ ပြည်ခိုင်ဖြိုး ၁ မှု၊ ဒီချုပ် ၅ မှု နိုင်
  • 7 years ago
ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်နဲ့ပတ်သက်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်သွင်းကန့်ကွက်ထားတဲ့ အမှုတွေအားလုံးကို ဆုံးဖြတ်အမိန့်ချမှု စက်တင်ဘာ၂၈မှာ ပြီးဆုံးသွားပြီဖြစ်ပါတယ်။

နောက်ဆုံးကျန်ရှိတဲ့ ကန့်ကွက်လွှာ အမှုအမှတ်၆ကို ဆုံးဖြတ်ချက်အမိန့်ချလိုက်တာပဲဖြစ်ပါတယ်။ ကန့်ကွက်လွှာအမှုအမှတ် (၆)က မုံရွာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ကိုယ်စားလှယ် ဦးညွှန့်အောင်ကို ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်အောင်က တိုင်ကြားထားတာဖြစ်ပါတယ်။

အဲဒီ့တိုင်ကြားမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ခုံရုံးက ပလပ်ကြောင်းအမိန့်ချမှတ်ခဲ့ပြီး ဒီချုပ်ကိုယ်စားလှယ်က အနိုင်ရရှိသွားတာဖြစ်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက်လို့ ကန့်ကွက်လွှာ၆မှုရှိပြီး အားလုံးကို ပလပ်ကြောင်း ဆုံးဖြတ်ချက်အမိန့်တွေ ချမှတ်ခဲ့တာဖြစ်ပါတယ်။

ကန့်ကွက်မှုတွေမှာ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်တွေက ဒီချုပ်ပါတီကိုယ်စားလှယ်တွေကို ကန့်ကွက်မှု၅မှုဖြစ်ပြီး ဒီချုပ်က ပြည်ခိုင်ဖြိုးကို ကန့်ကွက်မှုတစ်မှုဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေနဲ့ တင်သွင်းလာတဲ့ ကန့်ကွက်လွှာအမှုတွေကို ခုံရုံးဖွဲ့စစ်ဆေး အမိန့်ချတာ ၃လကျော်ကြာမြင့်ခဲ့တယ်လို့လည်း ဦးစိုင်းကျော်သူကဆိုပါတယ်။

ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်
Recommended